အရေးကြီးတဲ့ Common Sense


ကျုပ်တို့နိုင်ငံက ခေါင်းဆောင်ကြီးတွေများ ဥာဏ်ပညာကြီးမားပါပေ့... သူတို့ပြောခဲ့တဲ့ စကားတချို့ဟာ သမိုင်းတွင်လောက်အောင် မှတ်တမ်းကျန်ခဲ့တာ..
ဘာတဲ့... အပြန်အလှန် အမှီသဟဲပြုရတဲ့ သဘော “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” စကားပုံလေးကို သရုပ်ဖော် ချင်တော့.. “ဟိုဗျာ ကိုင်းပင်လေးက ကျွန်းပင်ကြီးမှီရသလို ကိုင်းပင်လေးတွေ ရှိနေလို့လည်း ကျွန်းပင်ကြီး အမြစ်တည်မြဲ နေရသလိုပေါ့” တဲ့။

နောက်ပြီး ရေသန့်စက်ရုံကို သွားလေ့လာရင်း ရေသန့် ကွာလတီကောင်းကောင်းရဖို့ ဖောဖောလေး မိန့်လိုက် သေးတယ်..“ အေးကွာ  ရေသန့်ကွာလတီကို pH7 ကနေ pH8, pH9 ဖြစ်အောင် ကြိုးစားကြကွာ” ဆိုလားပဲ။
သင်္ဘောခရီးစဉ် အချိန်မီ မထွက်ခွာနိုင်တဲ့ အကြောင်းရင်းက  “ ဝဲသာမကောင်းသေးလို့ ပါ” သတင်းပို့တာကို  စိတ်ဆိုးမာန်ဆိုး ကြိမ်းမောင်းတယ် “ဟေ့ကောင် ဝဲလ်သာ မကောင်းရင် ဖြုတ်လဲပစ်လိုက် ပေါ့”.. ပြီးရောပဲ။
ခုလည်း လျှပ်စစ်မီးမရလို့ ဆန္ဒထုတ်ဖော် တောင်းဆိုလာတဲ့ ပြည်သူတွေကို တုန့်ပြန်လိုက်တဲ့ စကားက “လျှပ်စစ်မီး မရရင် ဖယောင်းတိုင်ထွန်းနေပေါ့” လို့ ဆိုလိုက်တာကြားရတော့ ဟိုခေတ် ဟိုနိုင်ငံကြီးတခုမှာ ခေါင်းဆောင်ကြီးတဦးရဲ့ ဖြေရှင်းချက်စကားနဲ့ ခပ်ဆင်ဆင် တူနေတာ သတိပြုမိသား... “ဘာကွ ပေါင်မုန့်မရှိဘူး ဟုတ်လား.. ပေါင်မုန့်မရှိရင် ကိတ်မုန့်စားနေပေါ့ကွ” တဲ့။
သူတို့တတွေမှာ သင်ယူလေ့လာထားတဲ့ အသိပညာ ဗဟုသုတတွေ ပြည့်စုံကောင်း ပြည့်စုံနိုင်ပါတယ်... လိုအပ်နေတာက လက်တွေ့ကျကျ ရိုးရိုးရှင်းရှင်းလေး စဉ်းစားတတ်တဲ့ဥာဏ် (Common Sense) ပဲဗျ.. အဲဒါလေး ကင်းလွတ်နေလို့ကတော့ မိုးပျံအောင်တတ်တဲ့ ပညာတွေရှိနေပါစေ... ကလေးအတွေးလောက်တောင် အသုံးမတည့်နိုင်ဘူး စိတ်ချ....

စိန်မျက်လုံး

No Response to "အရေးကြီးတဲ့ Common Sense"

Post a Comment